Following post was copied from Ywet Mon Fine leaves weblog.
Grandpa of Jamal by Zaw Min is a short story about a Burmese Muslim Grandpa who fought for Independence, hand in hand with other Burmese freedom fighters. Later he was honored for his heroic act by the Government. The old man settled down in a village in upper Burma which was home for his parents for last three hundred years.
The problem started when he took a train to visit Rangoon recently. Police checked his documents and when they found out that he is a Muslim, he was scolded and shouted with abusive words. Moreover they have checked whether he could speak Burmese or not. He was told that there are no such a race and religion as Burmese Muslims. Then, only he realized that he is only a Kalar ( derogatory name for Burmese Muslims-all are assumed as Indians)and not a Burmese citizen. Finally the problem was settled after paying bribe to the police.
However the freedom fighter, Burmese Muslim Grandpa, who ancestors were royal servant of the Burmese Kings was deeply hurt by the incidence. He has decided not to travel to any part of Burma until his death.
Simple translation for the non Burmese readers
by Sit Mone
သူ့ မှာ ဗမာနာမည် ရှိပေမဲ့ သူငယ်ချင်း အားလုံးက ငယ်ငယ်တည်းက “ဂျမား” ဆိုသော အိမ်နာမည်ကိုသာ ခေါ်ကြသော ကြောင့် ဗမာနာမည်ကို ဘယ်သူမှ မမှတ်မိတော့။ ဂျမား၊ နီတွတ်နှင့် ကံသိန်းတို့သည် နှစ်တန်းလောက် ကတည်းက လည်ပင်းဖက်၍ ကျောင်းနေခဲ့သူများလည်း ဖြစ်သည်။ ဂျမားမိဘတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းက ဘဲမွေးမြူခြင်း။ သူတို့မိသားစုက အစ္စလမ်ဘာသာ ကိုးကွယ်၍ အိန္ဒိယနွယ်ဖွား သွေးနှောထားသော ရုပ်ရေ သွင်ပြင်ကို ပိုင်ဆိုင်ကြသည်။ သူတို့ရွာက လူအများစု သည် မွတ်စလင်များ ဖြစ်သည်။ ထိုရွာသားတို့သည် ရှေးဗမာ ဘုရင်များ အဆက်ဆက် လက်အောက်တွင် အမှုထမ်းခဲ့ကြသော မြန်မာမွတ်စလင် စစ်သည်တော် အနွယ်များမှ ဆင်းဆက်လာ သူများလည်း ဖြစ်သည်။
ရွာသားအများစုသည် ငါးဖမ်းခြင်း၊ ကိုင်းကျွန်းလုပ်ခြင်းဖြင့် အသက်မွေးကြသည်။ သို့သော် ဂျမား၏ မိဘများနှင့် ရွာသား အနည်းစုကတော့ တောင်သမန်အင်းကြီးကို အခြေပြု၍ ဘဲမွေးကြသည်။ အဲသည့် အချိန်တုံးက နီတွတ် မှတ်မိသလောက် ဂျမား မိဘတွေမှာ မွေးထားသော ဘဲများက အကောင်ရှစ်ရာ တထောင်လောက် ရှိမည်။
မိုးတွင်းကုန်လို့ တောင်သမန်အင်းတွင် ရေကြသည့် အချိန်များမှစ၍ ဂျမား အဖေနှင့်အဖိုးတို့ လှေတစင်းစီဖြင့် ဘဲ ကျောင်းလေ့ ရှိသည်။ ရေကြသွား၍ ကုန်းပေါ်လာသော နေရာများတွင် ယာယီတဲများထိုး၍ အခြေပြုကာ တနွေလုံး၊ တဆောင်းလုံး ဘဲ ကျောင်းခြင်း အမှုကိုပြုကြသည်။ ဝါဆိုဝါခေါင် ရေပြန်တက်သည့် သုံးလကာလသို့ ရောက်မှ ရွာကို ပြန်နားကြသည်။
ဂျမားပြောပြောနေသော သူ့အဖိုး၏ စွန်းစားခန်းများကား နီတွတ်တို့ သူငယ်ချင်း တအုပ်အတွက် ဘယ်အချိန် နားထောင် နားထောင် မရိုးနိုင်။ အဲတာ ဂျပန်ခေတ်တုံးက ဇာတ်လမ်းများ။ “ဂျမား ပြောစမ်းပါဦး။ မင်းအဖိုးက ဂျပန်စစ်သားတွေ ဘယ်လို ဆော်လိုက်တာလဲ” ဟု နီတွတ်က အစထောင်လေ့ရှိသည်။ ဂျမားကလည်း သူ့အဖိုးစွန့်စားခန်းကို ပွဲတောင်းသူ ရှိတိုင်း ဘယ်တော့မှ မငြင်း။ “ဒီလိုကွ… မူးလာတဲ့ ဂျပန်စစ်သား လေးယောက်က တောင်မြို့ (အမရပူရ) ဈေးကြီးနားမှာ မိန်းကလေး တယောက်ကို ဆွဲလားရမ်းလား လုပ်တာတွေ့လို့ ငါ့အဖိုးက ဈေးသည် တယောက်ဆီက ဆိုင်းထမ်းကိုယူပြီး တယောက်ပြီး တယောက် အလဲချထဲ့လိုက်တာ၊ နောက်တော့ ဂျပန်စစ်တပ်က လိုက်ဖမ်းလို့ တခြားရွာတွေမှာ သွားပုန်းနေရသေးတယ် ငါ့လူ”။ ဂျမား ကွယ်ရာကြမှ ကံသိန်းက “ငါထင်တာတော့ ဂျမားက ပိုပြောတာ နေမှာပါ။ သူ့အဖိုး ရိုက်ထည့်လိုက်တဲ့ ဂျပန်စစ်သားက ရှိလှမှ နှစ်ယောက်ပေါ့။ လေးယောက်နဲ့ တယောက် သတ်ရပုတ်ရတာ လွယ်တာ မှတ်လို့” ဟု အထွန့်တက်၏။ မည်သို့ပင်ဆိုစေ နီတွက်တို့ တအုပ်လုံးက တော့ ဗိုလ်ကျလာသည့် လူမျိုးခြား ဂျပန် စစ်သားတွေကို ဆော်ပလော် တီးထဲ့လိုက်သည့် ဂျမားတို့ အဖိုးကို အားရလှသည်။
သည့်အပြင် နောက်ထပ် စွန့်စားခန်းတွေလည်း ရှိသေးသည်။ ဂျပန်ကို ပြန်၍တော်လှန်သည့် ကာလများတွင် ဂျမားတို့ အဖိုး သည် ဖက်ဆစ်တော်လှန်ရေး တပ်မတော်၏ ဒေသခံ ပျော်ကျားရဲဘော် တဦးလည်း ဖြစ်ခဲ့သည်။ “ငါ့အဖိုးက သေနတ် ပစ်တာ သိပ်လက်ဖြောင့်တယ်။ တခါတော့ ရွာနဲ့မလှမ်းကမ်း တောတန်းနားမှာ ဗြုံးဆို ဂျပန်စစ်သားတွေ နဲ့ မျက်နှာချင်းဆိုင် ပက်ပင်း တိုးရောတဲ့။ အဲတာ ငါ့အဖိုးက ခါးကြားထဲမှာ ဖွက်ယူလာတဲ့ ခြောက်လုံးပူးကို အမြန်ထုတ် ပြီး သုံးချက်ဆက်တိုက် ပစ်လိုက်တာ ရှေ့ဆုံးက ဂျပန်စစ်သား သုံးယောက် ခေါက်ကနဲကို လဲတာတဲ့။ အဲဒါ နောက်က ဂျပန်စစ်သားတွေ ရုတ်တရက် ကြောင်နေတုံး အမြန်ပြေးပြီး ပျောက်ကျားရဲဘော်တွေ စခန်းခြနေတဲ့နေရာကို သတင်း သွားပို့တယ်။ ပြီးတော့ ပြောက်ကျားရဲဘော်တွေက ငါ့အဖိုးနဲ့အတူ အဲသည့် ဂျပန်စစ်သားတွေ နောက်ကို လိုက်တိုက်တာ ဂျပန်တွေ တပ်လုံး ပြုတ်ပဲတဲ့မောင်”။ ကံသိန်းကား ထုံးစံအတိုင်းပင်။ စွန့်စားခန်းကို ကြိုက်သော်လည်း “ဂျမား ဆိုတဲ့ကောင်က နည်းနည်း တော့ ပိုလိုက်ရမှ” ဟု ကွယ်ရာတွင် ဝေဖန်လိုက်သေးသည်။
သည်လိုနှင့် ရှစ်တန်းကျောင်းသားများဘဝ စာမေးပွဲအပြီးတွင် နီတွတ်တယောက် တောင်သမန်အင်းစောင်း တနေရာတွင် အခြေစိုက်ထားသော ဂျမားတို့ ဘဲခြံကို အလည်လိုက်သွားသည်။ သီချင်းထဲကလို ဘဲအုပ်က တရာနှစ်ရာ မက ဘဲပင်လယ်ကြီး ဖြစ်နေသည်။ သူတွေ့ဖူးခြင်နေသော ဂျမားတို့အဖိုး လူစွန့်စားကြီးကို တွေ့ရသည်။ ထောင်ထောင် မောင်းမောင်းနှင့် သန်သန် မာမာကြီး ရှိတုံး။ နီတွက်က သူသိလိုသည်များကို အဖိုးကြီးအား မေးလိုက်မည်ဟု အားခဲ ထားသည်။ အဖိုးကြီးက သဘော ကောင်းပုံ ရသော်လည်း တခွန်းမေးမှ တခွန်းဖြေသည်။ သူ့ကြည့်ရသည်မှာ ခပ်အေးအေး။ ပြီးတော့ လှေကလေး တစင်းနှင့် ဘဲကျောင်းထွက် သွားသည့်အတွက် နီတွတ်မေးလိုသည်များ ကုန်စင်အောင် မမေးလိုက်ရ။ သည်တော့ နီတွက်က ဂျပန် ခေတ်တုံးက ကလေးသာသာသာ အရွယ်သာ ရှိသေးသော ဂျမား အဖေကို သူသိလိုသည်များ လျောက်မေးတော့သည်။ ညနေအိမ်ပြန်တော့ ဂျမားတို့မိသားစုက သူ့ကို ဘဲဥများ လက်ဆောင် ပေးလိုက်သေးသည်။ ဝါးနှီးဖြင့် ရက်ထားသော ခြင်း ကလေးထဲတွင် အစိမ်းရောင် သန်းနေသော ဘဲဥများက အစီအရီ။
သူတို့တသိုက်လုံး ရှစ်တန်းအောင်ကြသော်လည်း ဂျမားကားကျောင်း ထွက်သွားသည်။ သူအိမ်ရဲ့ အဓိကလုပ်ငန်း ဖြစ်သော ဘဲကျောင်းခြင်း၊ ဘဲဥကောက်ခြင်းများ အတွက် မိသားစုအတွက် ကူဖို့ဖြစ်သည်။
တနေ့တော့ နီတွတ်တယောက် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင် ထိုင်နေတုံး ဘေးဝိုင်းက အဖိုးကြီးများ ဂျပန် ခေတ်က အကြောင်းများ ပြောနေသည်ကို ကြားနေရသဖြင့် စပ်စုလေ့ရှိသော သူ့ဝသီအတိုင်း “အဘတို့ကို မေးရဦးမယ်။ ဂျပန်ခေတ် တုံးက ဦးဗကို (ဂျမား၏အဖိုး) ဆိုတာ ဂျပန်ကိုတိုက်တဲ့ နေရာမှာ တော်တော် လက်သံပြောင်တယ် ဆိုတာ ဟုတ်သလား” ဟုမေးလိုက်သည်။ အဖိုးကြီးအားလုံးက “ဟုတ်တယ်ကွ” ဟု တညီတညာတည်း ပြန်ဖြေကြသည်။ ထိုအထဲမှ အဖိုးကြီးတဦးက “မင်းတို့ကျောင်းက ဘော်လုံးကန် ကောင်းတဲ့ ဟိုကောင်လေးဟာ ဘယ်သူတဲ့ သူ့နာမည်က” ဟု နီတွတ်ကို မေးလိုက်၍ ဂျမားပါ အဘဟု ပြန်ဖြေလိုက်သည်။ “အေး… ဂျမားက ကိုဗကိုရဲ့ မြေးလေး မို့လား။ ဂျပန် ခေတ်တုံးက ကိုဗကိုကို ဂျပန်တွေက သိပ် ဖမ်းချင်တာ။ အသေရရ အရှင်ရရပဲ။ သူက လစ်ရင် လစ်သလို ဂျပန်တွေကို ဆော်တာဟေ့။ ဂျပန်တွေဆိုတာ သူ့ကိုမိအောင် မဖမ်းနိုင်ဖူး။ သေနတ်ပစ်ကလည်း ကောင်းတယ်မောင်။ အဲသည့် ခေတ်တုံးက လူတွေက သူ့ကို “ခြောက်လုံးပူးဗကို” ဆိုပြီး ခေါ်ကြတယ်။ အဲသလို သတ္တိဗျတ္တိ ကောင်းကောင်းနဲ့ တာဝန် ထမ်းခဲ့လို့ မော်ကွန်းဝင် ဒုတိယဆင့်တောင် ရထားတာ။”
အခုမှ နီတွတ် အတော်လေး ဘဝင်ကြသွားသည်။ ဂျမားတို့အဖိုးက သူတို့ငယ်ငယ်ကတည်းက ပုံပြင်လာ သူရဲကောင်း တယောက်ပေကိုး။ ကံသိန်းကို ဘယ့်နှယ့်လဲ မင်းအခုယုံပြီလား ဆိုသောသဘောဖြင့် မေးငေါ့၍ အသံတိတ် မေးလိုက် သည်။ လူကြီးများက ဟုတ်သည်ဟု ထောက်ခံချက် ပေးထားသောကြောင့် ကံသိန်းလည်း ခါတိုင်းလို အထွန့်မတက်သာ။
သည်လိုနှင့် နီတွတ် တယောက် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့သည်။ ဂျမားနှင့် ဟိုအရင် ငယ်ငယ်တုံးကလို မဆုံ ဖြစ် တော့။ သို့သော် မြင်းလှည်း အမိုးပက်လက် တစင်းဖြင့် ဈေးသို့ဘဲဥပို့လေ့ရှိသည့် ဂျမားနှင့် တခါတရံ လမ်းတွင်ဆုံ ပါက နီးရာ လက်ဖက်ရည်ဆိုင်တွင် နှစ်ယောက်သား အတူထိုင်ဖြစ်သေးသည်။
“နီတွတ်ရေ ဂျမားတယောက် မတွေ့တာ အတော်ကြာပြီ။ မင်းနဲ့ကော ဆုံဖြစ်သေးလား” လဖက်ရည်ဆိုင်ထဲ ဝင်ဝင်ခြင်း ကံသိန်းက လှမ်းမေးလိုက်သည်။ စားပွဲတွင် ဝင်ထိုင်လိုက်ရင်း”အေးကွ မင်းပြောမှပဲ။ ဒီကောင့်ကို မတွေ့တာ လေးငါး ခြောက် လ လောက်တောင် ရှိပလား မှတ်တယ်” ဟု နီတွက်က ပြန်ဖြေလိုက်သည်။ သည်လိုနှင့် ရောက်တတ် ရာရာများကို ပြောနေရင်း အချိန်လည်း အတော်ကြာသွားပြီးမို့ လူစုခွဲမလို့ လုပ်နေတုန်း ဂျမားတယောက် လဖက် ရည်ဆိုင်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ခြလာသည်။ ဂျမားနှင့်မတွေ့တာ ကြာပြီဆိုတော့ သူတို့လည်း လူစုမခွဲဖြစ် သေးဘဲ ဂျမားနှင့်အတူ ဆက်၍ထိုင်ရင်း ခါတိုင်း လို လေကန်ဖို့ တာစူလိုက်သည်။
ဂျမားမျက်နှာကား လန်းလန်းဆန်းဆန်း မရှိ။ တခုခုနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ လဖက်ရည်ခွက်ကို ဖြည်းဖြည်းမ၍ တကျိုက်သောက်လိုက်ပြီးမှ ဂျမားကဤသို့ ရင်ဖွင့်လေသည်။ “တလောကကွာ ငါ့အဖိုး မျက်လုံးခွဲဖို့ ရန်ကုန်ကို ဆင်းကြတယ်။ အဖိုးက အဲသည့်အချိန်အထိ မှတ်ပုံတင် မရှိသေးတော့ ရန်ကုန်မသွားခင် မြို့နယ် လဝက ရုံးမှာ မှတ်ပုံတင် သွားလုပ်ရတယ်။ မှတ်ပုံတင်တော့ ချက်ခြင်းလုပ်လို့မရဖူး။ ဒါပေမဲ့ မှတ်ပုံတင် လုပ်ထားဆဲ ဖြစ်ကြောင်းနဲ့ နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံစာတော့ ရေးပေးလိုက်တယ်။ အဲတာ ရန်ကုန်အသွား ရထားပေါ်မှာ ကွာ ပြဿနာ အကြီးအကျယ် တက်ခဲ့လို့။ အဖိုးလည်း တော်တော် စိတ်မကောင်း ဖြစ်သွားတာ အခုအထိပဲ။” နီတွတ်က “ဘယ်လို ဖြစ်တာတုံး” ဟု ဂျမားကို မေးလိုက်သည်။
“ဒီလိုကွာ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ မန္တလေးက ရထားထွက်လို့ ကျောက်ဆည်ဘူတာ ရောက်တော့ ရဲတွေ တက်လာပြီး မှတ်ပုံတင်စစ်တယ်။ ငါကရှစ်တန်းဖြေတုံးက မှတ်ပုံတင် လုပ်ထားတာဆိုတော့ သူတို့စစ်တော့ ထုတ်ပြ လိုက် တယ်။ ဒါပေမဲ့ ငါ့အဖိုးကြတော့ ဒီလိုထောက်ခံစာနဲ့ ခရီးသွားခွင့် မရှိဖူးဆိုပြီး လုပ်လာတယ်။ နောက် ဗမာစကား ကောင်း ကောင်း ပြောတတ်ကဲ့လား ဘာလားနဲ့လည်း စစ်ကြောသေးတယ်။ မင်းတို့လည်း သိသားပဲ ငါတို့တရွာလုံး ဗမာ စကားတမျိုးပဲ ပြောတာ နှစ်ပေါင်းသုံးရာတောင် ကျော်ပလားမှတ်တယ်။ ကုလားလို လည်း ငါ့အဖိုးလို အရွယ်မျိုးတွေက အစ ရွာမှာဘယ်သူမှ မတတ်တော့တာ။ အဲတာကွာ ရဲတွေက ဆက်ဆံတာကလည်း ရိုင်းချက်ကတော့။ မင်းတို့ ကုလားတွေက လယ်ကိုလယ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်။ နိုင်ငံသား မဟုတ်ဖူးမို့လား မှန်မှန်ပြော၊ ဒီထောက်ခံစာ ကကော စစ်ကဲ့လားဆိုပြီး ညစ်ကျယ်ကျယ် လုပ် နေတာပေါ့ကွာ။ ငါ့အဖိုးက သေသေချာချာ ရှင်းပြပါတယ်။ ငါတို့က မြန်မာ မွတ်စလင်တွေပါ။ အခုမှ ခိုးဝင်လာတဲ့သူတွေ မဟုတ်ပါဖူးပေါ့။ အသိသာကြီးပဲ သူငယ်ချင်းရာ မင်းတို့ စဉ်းစားသာကြည့် ငါတို့ပြောတဲ့ ဗမာစကားက မင်းတို့လိုပဲ ဥစ္စာ။ မနေ့တနေ့ ကမှ ဒီတိုင်းပြည်ကို ခိုးဝင်လာတဲ့သူက ဘယ်လိုလုပ်ပြီး ဗမာလို ပီအောင် ပြောနိုင်မလဲ။ ဗမာလို ပြောတတ်ရင် တောင် လေသံက ကုလားလေဝဲဦးမယ်။ “
ဂျမားက စကားကို ခဏဖြတ်လိုက်ရင်း ဒူးယားတလိပ် ကောက်၍မီးညှိလိုက်သည်။ ပြီးမှ “အဲတော့ ရဲတွေက ဘယ်လို ပြန်ပြော သလဲဆိုတော့ မြန်မာမွတ်စလင်ဆိုတာ ဒီတိုင်းပြည်မှာ မရှိဖူးတဲ့။ မြန်မာမှန်ရင် ဗုဒ္ဓဘာသာပဲ ရှိတယ်တဲ့။ ကုလားဟာ ကုလား ပဲတဲ့။ မြန်မာမွတ်စလင်ဆိုတာ မင်းတို့ စောက်ကုလားတွေ လူလည်လုပ်ပြီး ထွင်ထားတာ ဆိုပြီး ကွာ မအေနှမနဲ့တိုင်းပြီး ဆဲ သေးတယ်။ ဒီတိုင်းပြည်မှာနေရင် ကောင်းကောင်းနေကြ ဘာညာဆိုပြီးလည်း သဟောက် သဟမ်း လုပ်သေးတယ်။ နောက်ဆုံး တော့ ငါ့ကိုတွဲထောင့်ခေါ်ပြီး ပိုက်ဆံတောင်းတယ်။ ထောင့်ငါးရာတောင် ပေးလိုက်ရတယ် သူငယ်ချင်းရေ။ အဲတာပဲဟေ့ ဇတ်လမ်းကတော့”။ ထိုအချိန်က ရွှေတကျပ်သားမှ သုံးထောင်သာ ရှိသောခေတ်။ ရွှေငါးမူး သားဖိုး ရဲတွေက ဓါးပြတိုက် သွားခြင်းပင်။
နီတွက်ကော ကံသိန်းပါ ဂျမားတို့ မြေးအဖိုးနှင့်ထပ်တူ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရသည်။ ကာယကံရှင်များ ကတော့ ပို၍ စိတ်နှလုံးညှိုးခြုံး ပေလိမ့်မည်။ မြန်မာပြည်ဟာ ဘာသာရေး လူမျိုးရေး မခွဲခြားတဲ့ တိုင်းပြည်ဆိုတာ တကယ်တမ်း တော့ မဟုတ်။ အထူးသဖြင့် အာဏာပိုင်များတွင် ခွဲခြားရေးစိတ် ပိုရှိသည်။ တောင်ပေါ် မြေပြန့် လူမျိုးရေးလည်း ခွဲခြားသည်။ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန် တွေက မြန်မာနိုင်ငံအပေါ် သစ္စာမရှိသလိုလို၊ ရာနှုန်းပြည့် မြန်မာနိုင်ငံသား မဟုတ်သလိုလိုလည်း လုပ်တတ်သေးသည်။
ဂျပန်ကိုတော်လှန်ခဲ့တဲ့ ပျောက်ကျားရဲဘော်ကြီး၊ သေနတ်ပစ်ကောင်း၍ ခြောက်လုံးပူးဗကိုဟု သူတို့နယ်တွင် နာမည် တွင်ခဲ့ သူကြီး၊ နီတွတ်တို့ ကံသိန်းတို့ အားကျခဲ့သော မော်ကွန်းဝင်ဒုတိယဆင့် သူရဲကောင်းကြီးကား ရုပ်ရေ လက္ခဏာ ကုလားဖြစ်ရ သောကြောင့်၊ ကိုးကွယ်သည့် ဘာသာက မွတ်စလင် ဖြစ်ရသောကြောင့် မြန်မာနိုင်ငံသား စစ်စစ် မဟုတ်ဟု ခွဲခြားခံရသည်။ ဖိနှိပ်ခံရသည်။ နှစ်ပေါင်းရာချီ၍ ခေတ်အဆက်ဆက် အုပ်ချုပ်သူအဆက်ဆက် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခဲ့ရသော် လည်း သူတို့ကား အသိအမှတ် ပြုမခံရ။
“အဲတော့ အဖိုးက နောက်ဆိုရင် ဘာကိစ္စပဲရှိရှိ ခရီးမသွားတော့ဖူးလို့ ဆိုတယ်ကွ။ ပြီးတော့ ကိုယ့်ကိုလူတွေ ကောင်းကောင်း သိတဲ့ အရပ်မှာပဲနေရင်း သေမယ်လို့လည်းပြောတယ်” ဟု ဂျမားက သူ့စကားကို အဆုံးသတ်လိုက်တော့ သည်။
သည်မြေသည်ရေမှာ အတူမှီတင်း နေထိုင်ကြသည့် လူအချင်းချင်း လူမျိုးရေး၊ ဘာသာရေးအရ မခွဲခြားသည့် သူတို့လို လူမျိုး တွေလည်း ရှိသေးကြောင်း ဂျမားအဖိုးကို ပြောပြလိုသည့် ဆန္ဒက နီတွတ်ရင်ထဲမှာ တဖွားဖွား။ သို့သော် သူ၏ သူရဲကောင်းကြီး ကား နှလုံးသားတွင် ဒဏ်ရာရသွားခဲ့ခြေပြီ။
ဇော်မင်း (လူ့ဘောင်သစ်)
၂၃ ရက် အောက်တိုဘာလ ၂ဝဝ၈ ခုနှစ်